Monday, May 28, 2012

အလွမ်းရာသီ


နေသာသလိုနေပေမယ့်
တကယ်တော့ငါရူးနေခဲ့တာပါ
တတိတိနဲ့ကုန်သွားတဲ့စီးကရက်ရဲ့
မီးခိုးမှိုင်းမှိုင်းတွေနောက်
တကောက်ကောက်..အရူးအမူးလိုက်ပါရင်း
ပီကေတွေတဖောက်ဖောက်ဝါး..
စကားတွေချစ်စရာကောင်းအောင်
ပြောတတ်တဲ့မင်းကို
ငါတိတ်တဆိတ်ပဲ..လွမ်းနေခဲ့တာ
ဒီအချိန်ထိဆို..တထောင့်တညတောင်ရှိခဲ့ပေါ့

အပြာရောင်အလွမ်းတွေက
ဗိုင်းရပ်စ်တွေလိုတဇစ်ဇစ်ခုန်ပေါက်လို့
အပေါင်းတစ်ခုကို...
ကြက်ခြေခတ်လို့မြင်ခဲ့ရအောင်
နှစ်ယောက်လုံး..မာနတွေနဲ့မှားခဲ့သလား
တကယ်တော့..မင်းမျက်လုံးမှာ
ဘာတွေရှိတယ်ဆိုတာ..ငါသိနေရက်နဲ့
မမြင်ချင်ယောင်ဆောင်ခဲ့တာ..ငါ့အမှား
ငါ..ဘာတွေဖော်ပြနေတာ..သိသိရက်နဲ့
ဥပက္ခာပြုဖို့ကြိုးစားခဲ့တာလဲ
မင်းအမှားပေါ့ကွယ်

စိတ်ရူးပေါက်နေတဲ့..အတွေးတွေနဲ့
ငါ့ကိုယ်ငါသော့ခတ်သိမ်းဆည်းပေမယ့်
သိပ်မညီညာလှတဲ့
အလင်္ကာတပိုင်းကို..ရွတ်နေမိခဲ့တာ
ဦးပုညသာမြင်နိုင်မယ်ဆိုရင်
ငိုချင်းတပုဒ်လောက်တော့
ဖြစ်လာမယ်..ကောင်မလေးရေ..

အလင်းတွေဆာငတ်တဲ့ရင်အုံနဲ့
အ၀ါရောင်အနမ်းဖျော့တွေအတွက်
စတုတ္ထမြောက်ကောင်းကင်ကိုတောင်ရောက်ခဲ့ပေမယ့်
ငါ့..သတိတွေ..ချည်တိုင်မှာညှိနေခဲ့လို့
တိမ်တွေတောင်မှောင်ကျသွားပေါ့

တဖက်ပိတ်တံခါးတွေကိုတွန်းဖွင့်ဖို့ကြိုးစားနေမိခဲ့ရင်း
ကြိုမသိနိုင်တဲ့နောက်ကြည့်မှန်တစ်ချပ်လို
သိမ်းထားပါမင်းမပြောခဲ့ပေမယ့်
အလိုအလျောက်ဒီမှတ်ဥာဏ်ကသိမ်းထားခဲ့တော့
တကယ်..ငါ့ကိုယ်ငါတောင်မုန်းမိတယ်

ဟုတ်ပါတယ်လေ
တခါသာမှားခဲ့ကြပေမယ့်
နပိုလီယန်လိုတော့..
ငါ..မညဉ်းတော့ပါဘူးကွယ်

ဆာယိုနာရာ...

ဒီနေရိုင်းသစ်

No comments: