Sunday, September 30, 2012

စကြာဝဋ္ဌာထဲက တွင်းနက်

စကြာဝဋ္ဌာဆိုင်ရာသိပ္ပံပညာရပ်အကြောင်း စာတွေဖတ်ရာကနေ ရင်းနှီးလာတဲ့ စကြာဝဋ္ဌာရဲ့
လျှို့ဝှက်ချက်တွေပါ။မြန်မာပြည်မှာ စကြာဝဋ္ဌာဆိုင်ရာသိပ္ပံပညာရပ်အကြောင်းတစိုက်မတ်မတ်ရေးတဲ့
စာရေးဆရာ/မ..လက်လှမ်းမီသလောက်ထဲကဆိုရင် ဆရာစိုးစိုး(အင်္ဂပူ)၊ဆရာဘိုးလှိုင်၊
ဆရာ တက္ကသိုလ် ကြယ်ပွင့်..နောက် ဒေါက်တာတင်အောင်...တို့ရှိပါမယ်။
ဒီမှတ်စုကိုတော့ ဖတ်ဖူးသမျှထဲက စိတ်ဝင်စားမိတဲ့အချက်တွေ မှတ်သားပြီး အချက်လက်တွေ
ထပ်မံစုဆောင်းကာမှတ်စုရေးပါတယ်..။ပြည့်စုံတယ်လို့တော့မယူဆပါ..။ အတတ်နိုင်ဆုံး
အချက်လက်မှန်တွေကိုစုကာ ၀ါသနာတူတွေသိဖို့ရာစုဆောင်းထားပါတယ်...။

စိတ်ဝင်စားမိတာက တွင်းနက်များခေါ် Black Holes ပါ..။









ဒီတွင်းနက်လို့ ခေါ်တဲ့ သိပ်သည်းဆ လွန်စွာနက်ရှိုင်းပြီးအလင်းသော်မှ ဖြတ်သန်းကျော်လွန်ဖို့ရာ
မဖြစ်နိုင်တဲ့အရာဝတ္ထု ကို ၁၇၈၃ မှာ ဘူမိဗေဒပညာရှင်ဂျွန်မိုက်ကယ်ကနေ
လန်ဒန်မှာရှိတဲ့ တော်ဝင်ပညာရှင်များအသင်းမှာ အစောဆုံးအနေနဲ့ တင်ပြဖူးပါတယ်။
နောက် ရူပဗေဒဆိုင်ရာ သင်္ချာပညာမှာ အရေးပါတဲ့ Laplace ဖော်မြူလာ နဲ့ Laplace Transform "L{f (t)}" ..
ဆိုတာကိုတီထွင်အသုံးပြုခဲ့သူ ပြင်သစ်လူမျိုး ရုပဗေဒနဲသင်္ချာပညာရှင် ပီရေးဆိုင်မွန်လာပလေ့စ် က ၁၇၉၆မှာ
သူ့စာအုပ်ဖြစ်တဲ့ Exposition du système du Monde ထဲမှာ ကွုန်ုပ်တို့ သတိမပြုမိသော အနက်ရောင်ကြယ်များ
ဆိုပြီး ဖော်ပြခဲ့ပါတယ်။

 ၁၉၃၁မှာ အိန္ဒိယနွယ်ဖွား-အမေရိကန်သိပ္ပံပညာရှင်  ဆူဗရာမန်ညာ ချန္ဒရာခါးရ် ရဲ့ "ချန္ဒရာခါးရ် အတိုင်းတာ"
လို့ ခေါ်တွင်စေမယ့်တွေ့ရှိမှုကိုတွက်ချက်နိုင်ခဲ့တယ်။ သူအယူအဆက "white dwarf" လို့ခေါ်တဲ့ နျုထရွန်ကြယ်
တွေရဲ့ဒြပ်ထုကိုတွက်ချက်မှု လို့ယေဘုယျ ပြောလို့ရပါတယ်။ သူက ဒီကြယ်တွေရဲ့သိပ်သည်းဆဟာ သူ့ရဲ့
မူရင်းအရွယ်နဲ့စာရင်များစွာကျစ်လျစ်တယ်လို့ဆိုပါတယ်။သူရဲ့ကိန်းသေ တွက်ချက်မှုအရ အရွယ်နဲ့သိပ်သည်းဆ
နှိုင်းယှဉ်ချက် ပြုမယ်ဆိုရင် ပင်အပ်ဖျားလောက်ရှိတဲ့ ဒီ Solar Masses တဖဲ့ဟာနှစ်တန်လောက်လေးပြီး၊
ကမ္ဘာလောက်သာကြီးမယ့်ကြယ်ရဲ့ အလေးချိန်ဟာ နေရဲ့အလေးချိန်လောက်ရှိမယ်လို့ဆိုပါတယ်။
(နေဟာ ကမ္ဘာထက် အဆပေါင်းသန်းပေါင်း ၁.၃သန်းခန့်ကြီးပါတယ်။ဆိုလိုတာက
ကမ္ဘာ ၁,၃၀၀,၀၀၀ လုံး = နေ ၁လုံးပေါ့)။

ဒါပေမယ့်ဒီအချိန်အထိတော့ တွင်းနက်ဆိုတာ ဘာဆိုတာတိကျတဲ့အဖြေမရသေးပါဘူး။
ဒီလိုနဲ့ ၁၉၆၇ မှာပါလ်ဆာလို့ခေါ်တဲ့အလွန်လျင်မြန်စွာလည်ပတ်နေပြီး ထိပ်နဲ့အောက်ခြေကနေ
ဓါတ်ငွေ့ထုတ်လွတ်နေတဲ့နျုထရွန်ကြယ်တမျိုးကိုတွေ့ရှိပါတယ်။ဒါဟာ တွင်းနက်တွေဘယ်လို
ဖြစ်ပေါ်လာတာဖြစ်မယ်ဆိုတာမှန်းဆတွက်ချက်ဖို့အတွက်အထောက်အကူဖြစ်စေတယ်။



-ပါလ်ဆာ (ပါလ်ဆာ ဆိုလို့ ဆိုင်ကယ်မထင်နဲ့နော် ..ဒီကောင့် ပုံစံက ရဲကား၊
သူနာတင်ကားတွေရဲ့ပေါ်က လည်ပတ်နေတဲ့အလင်းတန်းနှစ်ခုပါတဲ့အချက်ပြမီးလိုပေါ့... )

ဒီနေရာမှာ နဲနဲရှုပ်ထွေးတာက..White dwarfရယ်၊ Pulsarရယ် Quasarနဲ့  Black hole  ပါ။

White dwarf ဆိုတာက ကြယ်ငယ်လေးတွေ (ဥပမာ-ကျွန်တော်တို့ရဲ့နေ) လောင်ကျွမ်းစရာကုန်သွားလို့
ရပ်တန့်သွားတဲ့အခါမှာ ကျန်ခဲ့တဲ့အတွင်းအနှစ်သား ပါ။အေးခဲဖို့ နှစ်ပေါင်း ဘီလီယံနဲ့ချီပြီးကြာပါတယ်။
ပါလ်ဆာဆိုတာက သိပ်သည်းဆအလွန်မြင့်မားပြီး၊အလွန်လျင်မြန်တဲ့နှုန်းနဲ့လည်ပတ်နေတဲ့ထိပ်နဲ့
အောက်ကနေ ဂမ်မာရောင်ခြည်ထုတ်လွှတ်တဲ့ ကြယ်သေဖြစ်တယ်။
တွင်းနက်တွေဖြစ်ပေါ်လာပုံ နှစ်မျိုးရှိတယ်တဲ့..။နာမည်လဲနှစ်မျိုးရှိပါတယ်..။
Quasar နဲ့ Black holeပါ။ကွေဇာ(ကွာဆာဟုအသံမထွက်)
ကျတော့ ဂလက်ဆီရဲ့အလယ်ဗဟိုက သိပ်သည်းဆအလွန်မြင့်မားတဲ့အမည်းရောင်ဒြပ်ဝတ္တုဖြစ်တယ်။
သူက တွင်းနက်လိုပါပဲ။တွင်းနက်ဆိုတာကျတော့ အကြီးမားဆုံးအရွယ် ကြယ်တွေ အလင်းထက်မြန်တဲ့အလျင်နဲ့
ပေါက်ကွဲတဲ့အခါဖြစ်ပေါ်လာတဲ့ အရာဖြစ်တယ်။(အကြမ်းဖျင်းမှတ်မိလွယ်အောင်ရေးပါတယ်...)

ထားပါ။ဒီ Black Hole တွေဘယ်လိုဖြစ်ပေါ်လာတာလဲဆိုတာနဲနဲအသေးစိတ်လေ့လာ  ကြည့်ကြစို့..။
(စိုင်းစိုင်းရဲ့ Frenzo Production ကနေဖြစ်လာတယ်လို့တော့မပြောနဲ့ပေါ့ :D )...။
Black hole တွေအကြောင်းပြောမယ်ဆိုရင် ခိုင်လုံမှုရှိသလားဆိုတဲ့မေးခွန်းမေးကြလေ့ရှိပါတယ်..။
အဖြေကတော့ နိုးပါ..။စကြာဝဋ္ဌာနဲ့ပတ်သက်ရင်လူသားတွေသိတယ်ဆိုတာ သင်ပုန်းကြီးအဆင့်ပဲ
ရှိပါသေးတယ်..။ နက္ခတ္တပညာရပ်ကနေ အာကာသသိပ္ပံပညာရပ် အနေနဲ့ကူးပြောင်းလာတာ
နှစ်တရာဝန်းကျင်ပဲရှိပါတယ်။ကမ္ဘာဆိုတာ အလုံးကြီးပါလားဆိုတာကို ဓါတ်ပုံရိုက်ပြီးပြနိုင်တာ
နှစ်လေးဆယ်ဝန်းကျင်ပဲရှိပါသေးတယ်..။စကြာဝဋ္ဌာရဲ့သက်တမ်း အနေနဲ့တွက်မယ်ဆိုရင်
တစ်စက္ကန့်ဝန်းကျင်ပဲရှိတယ်လို့ပြောလို့ရပါတယ်..။ဒါပေမယ့် ပညာရှင်တွေကျေးဇူးနဲ့ သိတန်သင့်
သလောက်သိလာကြပါတယ်..။

တွင်းနက်နှစ်မျိုးထဲကပထမတမျိုးဖြစ်တဲ့ ကွေဇာက ဂလက်ဆီတွေအချင်းချင်း
ဆွဲငင်ရာကနေ ရောယှက်ပြီး ဖြစ်ပေါ်လာတယ်..။ယနေ့လက်ရှိဂလက်ဆီတွေရဲ့
အလယ်ဗဟိုက အရာဟာဒီ တွင်းနက်အမျိုးစားဖြစ်ပါတယ်..။ဆွဲငင်အားအပြင်းထန်ဆုံးအမျိုးစားဖြစ်တယ်။
(Super massive Black hole လို့ခေါ်ပါတယ်)ကျွန်တော်တို့ရဲ့ နေဟာသူ့ရဲ့ အစွန်ဖျားနားက ကြယ်မှုန်အဆင့်ပဲရှိပါတယ်။

ကျွန်တော်တို့ နေမိသားစုရှိနေတဲ့CDပြားပုံဂလက်ဆီရဲ့ အချင်းပမာဏဟာ အလင်းနှစ်ပေါင်း ၁၂၀,၀၀၀
ရှိမယ်လို့တွက်ချက်ကြပါတယ်..။အလင်းဟာ တစ်တစ်စက္ကန့်ကို ၁၈၆,၂၈၂ မိုင်နှုန်းသွားတယ်..။
ဒါ...တစ်စက္ကန့်အတွင်းသွားတာပါ..။အဲသလောက်မြန်တဲ့အလင်းတောင် ကျွန်တော်တို့
ဂလက်ဆီရဲ့ တဖက်စွန်းကနေ တဖက်စွန်းရောက်ဖို့ နှစ်ပေါင်း ၁၂၀,၀၀၀လောက်သွားရမယ်တဲ့။
အထူက တော့ အလင်းနှစ် ၁၀၀၀ပါတဲ့..။



ကျွန်တော်တို့ ဂလက်ဆီဟာ လှည်းဘီးပုံဖြစ်ပြီး အလယ်ဗဟိုကိုလှည့်ပတ်နေတဲ့ လက်တံတွေရှိသော
လှည်းဘီးလို ပုံသဏ္ဍာန်ရှိတဲ့ ဂလက်ဆီဖြစ်တယ်..။သူ့ရဲ့တစ်ခုသောလက်တံဖြစ်တဲ့ Milky way
(နို့ရည်ဆမ်းလမ်း)လို့ ကဗျာဆန်ဆန်မှည့်ခေါ်ထားတဲ့ လက်တံထဲက တခုသော အလတ်စားကြယ်ကို
လှည့်ပတ်နေတဲ့ ဂြိုလ်တွေရှိတဲ့ အဖွဲ့အစည်းက ကျွန်တော်တို့ရဲ့နေမိသားစုပါ။
ကျွန်တော်တို့နေလို့ခေါ်တဲ့ကြယ်ဟာ ဒီကျွန်တော်တို့ရဲ့ ပျားရည်ဆမ်းလမ်းထဲက
ဘီလီယံ ၂၀၀(၂၀၀,၀၀၀,၀၀၀,၀၀၀)လောက်ရှိတဲ့ကြယ်တွေထဲကတစ်ခုသော ကြယ်မျှသာဖြစ်သတဲ့..။
ဒီလောက်ကြီးမားများပြားတဲ့အရာတွေသူ့ကိုဝန်းရံလည်ပတ်နေအောင် ဆွဲငင်ထားနိုင်တဲ့
ကျွန်တော်တို့ဂလက်ဆီရဲ့ဗဟိုကတွင်းနက်ဟာ နေထက် အဆသန်းပေါင်း ၃.၇သန်းပိုလေးပါတယ်..။
ကျွန်တော်တို့ရဲ့ ဂလက်ဆီလိုမျိုးအရာတွေ စကြာဝဋ္ဌာထဲမှာ သန်းပေါင်းထောင်ချီပြီးရှိနေပြန်သတဲ့..။

..ခုနပြောတဲ့ ကွေဇာအမျိုးစားတွင်းနက်တွေလို ဂလက်ဆီအချင်းချင်းဆွဲငင်လို့ဖြစ်ပေါ်
လာတာပထမတမျိုး။ဒုတိယတမျိုးကျတော့ Super Nova လို့ခေါ်တဲ့ အကြီးမားဆုံးအရွယ်ကြယ်တွေ
သက်တမ်းကုန်လို့ပေါက်ကွဲထွက်ရာက ဖြစ်ပေါ်လာတာပါ..။
ဒီ..ဆူပါနိုဗာ.. ဆိုတာက လက်တင်စကားဖြစ်တဲ့ Nova=New ဆိုတဲ့ စကားလုံးကို ဝေါလ်တာဘာဒီနဲ့
ဖရစ်ဇွိကီလို့ခေါ်တဲ့ပညာရှင်နှစ်ယောက်ကနေ ၁၉၃၁မှာစတင်ခေါ်ဝေါ်သုံးစွဲခဲ့ပါတယ်။အမှန်တော့
ဒီကြယ်ကြီးများပေါက်ကွဲခြင်းဖြစ်စဉ်ဟာ အေဒီ၁၈၅၀န်းကျင်လောက်ကတည်းက တရုပ်နဲ့ အာရပ်
နက္ခတ္တပညာရှင်တွေက ဂဏန်းတာရာ ခေါ် Crab Nebular မှာတွေ့ရှိမှတ်တမ်းတင်ခဲ့ပါတယ်..။



Crab Nebular

အဲဒီလိုကြယ်တွေဟာ ကျွန်တော်လို့နေထက် အဆပေါင်း ၃၀၀လောက်ကြီးပြီး အဆပေါင်းသန်းပေါင်း
၁၀၀လောက်ပိုလင်းပါတယ်။လောင်ကျွမ်းဓါတ်ပြုစရာ ဓါတ်တွေကုန်သွားတော့ကျန်ရှိတဲ့
ဒြပ်စင်တွေအချင်းချင်းတွန်းကန်ပြီးအင်မတန်ပြင်းထန်တဲ့ ပေါက်ကွဲခြင်းနဲ့ ပေါက်ကွဲမှုကြောင့်
ပြန့်ကားသွားတဲ့ ကြယ်ရဲ့ကျန်ရှိတဲ့အလယ်ဗဟိုသားဟာပါက်ကွဲမှုအပြီးမှာ ပြန်ကျုံ့ဝင်သွားမှုပြီး
အင်မတန်ပြင်းထန်တဲ့ဆွဲငင်အားရှိပြီး အလင်းသော်မှဖြတ်သန်းဖို့ရာမဖြစ်တဲ့ အနက်ရောင်ဒြပ်ဝတ္တုပစ္စည်း
ဖြစ်ပေါ်လာပါတယ်..။

အဲဒီ တွင်းနက်တွေဟာ သူ့အနားက အရာမှန်သမျှစုပ်ယူပါတယ်..။အလင်းရောင်ကအစ စုပ်ယူတဲ့အတွက်
ခန့်မှန်းဖို့ရာ ရောင်ပြန်ဟပ်မှုမရှိတဲ့အတွက် နောက်ခံ အလင်းပြန်မှုနဲ့ပဲ မှန်ဆကာ လေ့လာရပါတယ်..။
စုပ်မျိုမှုပြင်းထန်တဲ့အတွက်သူ့စက်ကွင်းထဲရောက်ရှိလာတဲ့ သူ့ထက်အဆများစွာကြီးမားတဲ့ ကြယ်လိုအရာ
ကိုတောင်းစုပ်ယူတဲ့အဖြစ်ကိုတော့ နက္ခတ္တဗေဒပညာရှင် ချားလ်စ်သောမတ်စ်ဘောလ်တန် က ၁၉၇၂ခုမှာ
Cygnus X-1 လို့ခေါ်တဲ့ တွင်းနက်ကနေ သူ့တွဲဖက်ကြယ်ကို စုပ်ယူနေတဲ့အဖြစ်ကို X-ray ရောင်ခြည်သုံးပြီး
တွေ့ရှိခဲ့ပါတယ်..။



ဒီတွေ့ရှိမှုကBlack Matter တွေကို လေ့လာမှုအားကောင်းလာစေခဲ့ပေမယ့်..တိကျတဲ့..
ကျေနပ်လောက်တဲ့အဖြေကိုမရရှိသေးပါ..။ဒီ တွင်းနက်တွေဟာ ရူပဗေဒမှ ဖြေရှင်းမရနိုင်သေးတဲ့
စကြာဝဋ္ဌာရဲ့လျှို့ဝှက်ချက်တြွေုဖစ်တဲ့ မိုးကုပ်စက်ဝန်းပြသနာ(The edge of Universe)၊
စကြာဝဋ္ဌာရဲ့အနာဂတ်ပုံသဏ္ဍာန် (Future of the universe)လို့ခေါ်တဲ့ ပြသနာတွေနဲ့
တတန်းတည်းထည့်ထားရပါတယ်။မဟာပေါက်ကွဲမှုကနေ စကြာဝဋ္ဌာဖြစ်ပေါ်လာတယ်လို့
လောလောဆယ်လက်ခံထားကြပါတယ်။ဒါကို "Big Bang Theory" လို့ခေါ်ပါတယ်။
စကြာဝဋ္ဌာရဲ့အနာဂတ်ပုံသဏ္ဍာန် ပြသနာကတော့ ဒီပေါက်ကွဲမှုကြောင့် ဖြာထွက်ပြန့်ကားသွားတဲ့
စကြာဝဋ္ဌာကြီးလားရာမတူရွေ့လျားနေတာဟာ ဘယ်အချိန်ရပ်တန့်မလဲ..။အကန့်သတ်ရှိသလား..
ဘယ်လိုပုံသဏ္ဍာန်မျိုးဖြစ်လာမယ်ဆိုတဲ့ ပဟေဠိပဲဖြစ်ပါတယ်..။

၂၀၁၁ ဒီဇင်ဘာ မှာ နောက်ဆုံးအနေနဲ့ အကြီးမားဆုံးတွင်းနက်ကိုတွေ့ရှိခဲ့ကြပါတယ်..။ဒီတွင်းနက်
ဟာ ၂၁ဘီလီယံ Solar Mass ရှိပါတယ်..။၂၁ဘီလီယံ Solar Mass ဆိုတဲ့ ထုထည်ဟာ နဲတာမဟုတ်ပါဘူး။
1 solarmass ဆိုတာဟာ ကျွန်တော်တို့ နေလုံးရဲ့ အလေးချိန်နဲ့ညီမျှပြီး ကမ္ဘာအလေးချိန်ပေါင်း
၃၃၂,၉၄၆=1 solar mass ပါ။၂၁ ဘီလီယံ solarmass ဆိုတော့ ဒီတွင်းနက်ကြီးဟာ သူ့အထဲ
ဂလက်ဆီ ၁၀ခုထည့်ထားလို့ရပြီး နေအလုံးပေါင်း ၂၁ဘီလီယံခန့်ဆန့်တဲ့သဘောပါပဲ...!!!။

Solar Mass ဆိုတာက ကီလိုဂရမ်၊ပိဿာ၊ပေါင် စတဲ့အလေးချိန်
တိုင်းယူနစ်တွေလို အာကာသထဲက ဒြပ်ဝတ္ထုတွေတိုင်းတာဖို့ ဗြိတိသျှလူမျိုး ရူပဗေဒနဲ့ ဓါတုဗေဒပညာရှင်..
ဟင်နရီကာဗင်ဒစ်ရှ်ကနေ ၁၇၉၈မှာ စတင်သုံးစွဲခဲ့တာဖြစ်တယ်။
သူဟာ "မီးမလောင်တဲ့လေ"လို့သူခေါ်ခဲ့တဲ့ဟိုက်ဒရိုဂျင်ဓါတ်ငွေ့ကိုတွေ့ရှိသူလဲဖြစ်တယ်။နောက်ပိုင်းမှ
ခေတ်သစ်ဓါတုဗေဒဖခင်ကြီး ပြင်သစ်လူမျိုးအန်တိုနီယို လဗွိုင်ဆီယာကနေမှမိတ်ဆွေဖြစ်သူ
ပြင်သစ်လူမျိုး ရုပဗေဒနဲသင်္ချာပညာရှင် ပီရေးဆိုင်မွန်လာပလေ့စ် နဲ့အတူ ပြုလုပ်တဲ့စမ်းသပ်မှုအပြီး...
၁၇၈၃မှာ ဟိုက်ဒရိုဂျင်လို့သတ်သတ်မှတ်မှတ်နာမည်ပေးခဲ့ပါတယ်။ဟိုက်ဒရိုဂျင်ဆိုတာ ဂရိစကား ဖြစ်တယ်။
(ὕδρω:hydro =ရေဖြစ်ပြီး γενῆς:genes=မျိုးဗီဇ/အရင်းအမြစ် ဖြစ်ပါတယ်)။



ဒီတွင်းနက်ကြီးဟာကမ္ဘာကနေ အလင်းနှစ်သန်းပေါင်း ၃၃၆သန်းအဝေးမှာရှိတဲ့ သိဟ်ရာသီခွင်(Leo constellation)
ထဲက Coma Berenices ကြယ်စု မှာတွေ့ရှိခဲ့တာဖြစ်တယ်။ ဒီ Coma Berenices ဆိုတဲ့နာမည်ကျတော့
အီဂျစ်က ဘီစီ ၃၀၅ ကနေ ဘီစီ ၃၀ထိ၊နှစ်ပေါင်း ၂၇၅ နှစ်ရှည်လျားခဲ့တဲ့ ပတိုလမီ မင်းဆက်ထဲက
တတိယမြောက်ပတိုလမီ အျူဂရေးတီးစ် ရဲ့မိဖုရား ဘီရဲနီးစ် ကိုအစွဲပြုပြီး မှည့်ခေါ်ထားတာဖြစ်ပါတယ်..။
သမိုင်းပညာရှင်တွေက Queen Berenice II of Egypt လို့ မှတ်တမ်းပြုပါတယ်။
ပတိုလမီမင်းဆက်တည်ထောင်သူ ပထမမြောက်ပလိုလမီရဲ့မိဖုရား  Berenice I နဲ့မမှားယွင်းအောင်ဖြစ်ပါတယ်..။



Queen Berenice II of Egypt

ဒီနာမည်ပေးရတဲ့ ဒဏ္ဍာရီက သူ့ခင်ပွန်း ပတိုလမီ III ဆီးရီးယားဒေသက ဆယ်လျူစစ်အင်ပါယာ
(Seleucid Empire)နဲ့  စစ်သွားခင်းတော့ သူ့ခင်ပွန်းသည် စစ်နိုင်ပါစေကြောင်း အက်ဖရိုဒိုက်
နတ်သမီးဆီမှာ သူအမြတ်တနိုးထားတဲ့ဆံပင်ကိုဖြတ်ပြီး ဆုပန်ပါတယ်။အဲလိုဆုပန်ပြီး နတ်ကွန်းမှာ
လှူထားတဲ့ ဆံပင်ဟာ နောက်တနေ့အရောက်မှာပျောက်ခြင်းမလှပျောက်ပါတယ်။
(ဂျီးတော်က သေချာထားမှထားရဲ့လားမသိ :D)..။ဒါနဲ့ Conon of Samosလို့ခေါ်တဲ့ ဂရိလူမျိုး
နက္ခတ္တပညာရှင်ကနေမှ ဆံပင်ကို အက်ဖရိုဒိုက်က ယူသွားပြီး..ရောင်းစား..အဲလေ..
ဆုပန်တာလက်ခံလိုက်တယ်..ကြယ်တွေကြားမှချိတ်ထားလိုက်ပြီ ..ဆိုပြီးနှစ်သိမ့်လိုက်ပါတယ်။
အဲဒီကနေမှ Coma Berenices ကြယ်စုဆိုပြီးနာမည်တွင်ပါတယ်။(တော်သေးတာပေါ့
အလျှောက်ကောင်းလို့ ..နှို့မှုတ်ရင်ကျောင်းစောင့်တွေ ခေါင်းပြတ်မဲ့ကိန်း :D)..။

အထက်ကဖော်ပြခဲ့တဲ့ တွင်းနက်ကြီးရဲ့ နာမည်ကိုတော့ NGC 4889လို့ခေါ်ပါတယ်..။
သူလောက်မကြီးပေမယ့် ၉.၇ ဘီလီယံနေဒြပ်ထု ရှိတဲ့ NGC 3842 ဟာ Abell 1367
လို့ခေါ်တဲ့ သိဟ်ရာသီခွင်ထဲက ကြယ်စုတခုမှာ ရှိပါတယ်။သူကတော့ ဒုတိယလိုက်မယ်
လို့သိရပါတယ်။



Leo constellation(သိဟ်)

ဒါတွေသိရတော့ တခုပဲတွေးမိတယ်..။လူဆိုတဲ့ငါတို့ဟာ စကြာဝဋ္ဌာနဲ့နှိုင်းရင်ဘာမှမဟုတ်တဲ့
ပမွှားရဲ့မွှားလောက်ပဲရှိတာပါလား...လို့ပဲတွေးမိတယ်..။

No comments: