Friday, October 19, 2012

ရှေးဟောင်းပစ္စည်းအတုများ


၁၉၁၁ -ခုနှစ်တွင်ဖြစ်၏၊ အင်္ဂလန်ပြည် “ ဆပ်ဆစ် ( Sussex ) ခရိုင်” ၌ ထူးဆန်းသော အရိုးခေါင်းခွံ အစအနများကို  ရှေးဟောင်း လက်နက်များနှင့်အတူ ယှဉ်တွဲတွေ့ရှိရ၏၊ တွေ့ရှိသူမှာ “ ချား(လ်)ဒေါ်ဆန် ( Charles Dawson ) ဆိုသူ ဖြစ်သည်။  တွေ့ရှိရသော အရိုးခေါင်းခွံ အစအနများနှင့် မေးရိုးတို့ကို ဆက်စပ်လိုက်ရာ ပြည့်စုံသည့် ဦးခေါင်းခွံတခု ဖြစ်လာ၏။ ထိုဦးခေါင်းခွံရိုးသည် မနုဿဗေဒ ပညာရှင်တို့ကို အထူးတုန်လှုပ် အံ့အားသင့်စေခဲ့သည်။ စိတ်ဝင်စားစေခဲ့သည်။ လူသားတို့ ဆင့်ကဲဖြစ်စဉ်ပြောင်းလဲမှုသမိုင်းတွင်အရေးပါလှသော အထောက်အထား တခုအဖြစ် ထိုဦးခေါင်းခွံရိုးကို ထည့်သွင်းသွင်းသတ်မှန်ခဲ့ကြသည်။ စတင်တွေရှိသူ ချားလ်ဒေါ်ဆန်ကို အစွဲပြ၍  “ အီယွန်သရိုးပတ်(စ်) ဒေါ်ဆင်နီ” ဟု အမည်ပေးခဲ့ကြ၏။  “ပိလ်(တ်)ဒေါင်းလူသား” ( Piltdown Man ) ဟုလည်း ခေါ်တွင်ခဲ့သည်။




ပိလ်(တ်)ဒေါင်းလူသားသည် အင်္ဂလန်နိုင်ငံ မနုဿဗေဒ လောကတွင်သာ မဟုတ်၊ ကမ္ဘာ့ မနုဿဗေဒ လောကသို့ပါ ပျံ့နှံ ကျော်ကြားသွားတော့၏၊ မနုဿဗေဒလေ့လာသူ စာသင်သားတို့ကို ပိလ်တ်ဒေါင်းလူသား အကြောင်း၊ ထိုလူသား၏ ရုပ်လက္ခဏာ အင်္ဂါရပ်များ၊ လူသားတို့၏ ရုပ်ခန္ဓာဆင့်ကဲဖြစ်စဉ် ပြောင်းလဲမှုသမိုင်းတွင် အထောက်အကူပြုပုံတို့ အကြောင်း သင်ကြားပို့ချခဲ့ကြလေသည်။ သို့ရာတွင် နှစ်များ မကြာမှီအတွင်း ကြေညာချက် တရပ်ပေါ်ထွက်လာသည်။ ထိုကြေငြာချက်၌ ပိလ်တ်ဒေါင်းလူသား ဦးခေါင်းခွံရိုးသည်  ရှေးခေတ် အကြိုလူသား၏ ဦးခေါင်းခွံရိုးမဟုတ်၊ အတုအလိမ်အညာမျှသာဖြစ်ကြောင်း ဖော်ပြထား၏။

ပိလ်(တ်)ဒေါင်းလူသား၏ မေးရိုးဆိုသည်မှာ မျောက်ဝံအကောင်၏ မေးရိုးဖြစ်ကြောင်း ဦးခေါင်းခွံအပေါ်ပိုင်းမှာ ယခုခေတ် လူသားတဦး၏ ခေါင်းခွံရိုးသာဖြစ်ကြောင်း၊ အကယ်စင်စစ်အားဖြင့် ပိလ်(တ်)ဒေါင်းလူသား ခေါင်းခွံဆိုသည် မျောက်ဝံ တကောင်၏ မေးရိုးနှင့် ခေတ်သစ်လူသားတဦး ခေါင်းခွံကိုပေါင်းစပ်ထားသော အတုအလိမ်သာဖြစ်ကြောင်း ဒေါက်တာဖရန်ဇ်ဝိဒင်ရစ်ချ က ၁၉၃၂ -ခုနှစ်တွင် ဖော်ထုတ်ရေးသားခဲ့၏။ ဗြိတိသျှပြတိုက်မှ ထုတ်ဝေသော ၁၉၅၃-ခုနှစ် အထူး သတင်းစဉ် စာစောင်တွင် လည်း ပိလ်(တ်)ဒေါင်းလူသားခေါင်းခွံရိုးသည် ရှေးဟောင်းပစ္စည်း အတုအလိမ် တခုသာ ဖြစ်ကြောင်းထပ်မံအတည်ပြုဖော်ပြခဲ့ပြန်သည်။

သုတေသနပညာရှင်တို့က ထပ်မံဆန်းစစ်ပြီး ၁၉၅၄-ခုနှစ်၌ ကြေညာချက်တခု ထုတ်ပြန်ခဲ့၏ ပိလ်(တ်)ဒေါင်းလူသား ခေါင်းခွံ၏ မေးရိုးဆိုသည်မှာ “ အော်ရန်အူတန်” မျောက်ဝံတကောင်၏ မေးရိုးသာဖြစ်ကြောင်း၊ စွယ်သွားများ မဲညစ်နေရ ခြင်းမှာ ဆီဆေးဖြင့် လိမ်းခြယ်ထားခြင်းကြောင့်ဖြစ်ကြောင့်ဖြစ်ကြောင်း။ အခြားအရိုးအစအနများမှာ တိရစ္ဆာန်အရိုးများဖြစ်ကြကြောင်း၊ အနီးပတ်ဝန်းကျင်၌တွေ့ရသော လက်နက်တို့မှာ အရိုးများကို သံမဏိဓားဖြင့် ပုံသွင်း ပြုလုပ်ထားသည့် ရှေးဟောင်းလက်နက်အတုများသာဖြစ်ကြောင်း၊ အနီးအနားမှ ရှေးဟောင်းသစ်ပင်ဆိုသည်များမှာလည်း ယခုခေတ်တွင်မှ ပျိုးထား စိုက်ထားသော သစ်ပင်များသာဖြစ်ကြောင်း ဤအချက်အလက်တို့ကိုထောက်ရှု သုံးသပ်ခြင်းဖြင့် ပိလ်(တ်)ဒေါင်းလူသားအရိုးစုဆိုသည်မှာ  အတုအလိမ်အညာပစ္စည်းဖြစ်ကြောင်း ထင်ရှားခိုင်လုံသည်ဟု ကြေညာချက်ထဲ၌ ဖော်ပြထားလေသည်။

ဤကားရှေးဟောင်းပစ္စည်းအတုများအနက် စိတ်ဝင်စားဘွယ်ရာ ဖြစ်ရပ်သာဓက တခုပင်တည်း။
ရှေးဟောင်းပစ္စည်းအတုများထဲတွင် အများပြည်သူတို့အကျိုးအတွက် တရားဝင်ပြုလုပ်သော အတုများနှင့် မသမာသောရည်ရွယ်ချက်ဖြင့်ပြုလုပ်သည့် အတုများဟူ၍ နှစ်မျိုးနှစ်စားရှိ၏ ရှေးဟောင်းပစ္စည်းအတုများကို လူသားတို့ အဘယ့်ကြောင့်ပြုလုပ်ကြသနည်း။


နောက်ပြောင်ကျီစယ်လို၍

အချို့သော လူရှုပ်လူနောက်များသည် အများပြည်သူတို့ကိုနောက်ပြောင်ကျီစယ်လိုသည်။ အံ့သြတွေဝေစေလိုသည်။ ပညာရှင်တို့ကို ဦးနှောက်ခြောက်စေချင်သည်။ အလုပ်ရှုပ်စေချင်သည်။ အငြင်းပွားစေချင်သည်။ ဤသို့သော ရည်ရွယ်ချက်ဖြင့် လူရှုပ်လူနောက် အချို့သည် ရှေးဟောင်းပစ္စည်းအတုများကို လီဆယ်လုပ်ကြံ၍ပြုလုပ်ထားတတ်ကြလေသည်။ ဥပမာ ။  ။ တောထဲရှိ ကျောက်ဂူကြီးများထဲသို့ ၀င်ရောက်ပြီးဂူနံရံတွင် ရှေးဆန်သော ပန်းချီအရုပ်များ ရေးခြစ်ထားခြင်း၊ ကျောက်တုံး ကျောက်ပြားများပေါ်တွင် ထူးဆန်းသောစာလုံးများရေးထွင်းပြီး မြေကြီးထဲ၌ တိတ်တဆိတ်မြှုပ်နှံထားခြင်း၊ ယခုခေတ်တွင်မှပြုလုပ်သော ဆင်းတုရုပ်ထုများနှင့် အခြားအနုပညာ လက်ရာ ပစ္စည်းများကို ဟောင်းနွမ်းအောင်ပြုလုပ်ပြီး မြေကြီးထဲ၌ မြှုပ်နှံထားခြင်းစသည်တို့ဖြစ်၏။


ငွေကြေးရရှိရန်အတွက်

ယခုအခါ ကမ္ဘာနှင့်အ၀ှန်းပြတိုက်ပေါင်းများစွာ ပေါ်ထွန်းလျက်ရှိ၏။ နိုင်ငံပိုင်ပြတိုက်များ ရှိသကဲ့သို့ ပုဂ္ဂလိကပိုင် ပြတိုက်များလည်း ပေါ်ပေါက်လာသည်။ ရှေးဟောင်းပစ္စည်းစုဆောင်းသူတွေလည်း ဒုနှင့်ဒေးရှိလာသည်၊ ရှေးဟောင်းပစ္စည်း အရောင်းဆိုင်များတွင်ကျယ်ထွန်းကားလာသည်။ ကမ္ဘာလှည့်ခရီးသည်များထဲတွင် ရှေးဟောင်းပစ္စည်းရှာဖွေဝယ်ယူသူများ ပါလာတတ်သည်။ သူတို့သည် ရောက်လေရာအရပ်မှ ရသမျှ ရှေးဟောင်းပစ္စည်းတို့ကို ငွေကြေးအဆင်မတန်ပေး၍ ၀ယ်ယူစုဆောင်းကြ၏။ ထိုအခါရှေးဟောင်းပစ္စည်း ဈေးကောင်းလာသည်။ ၀ိသမသမားတို့မျက်လုံးကျယ်လာသည်။ မတော်မတရားကြံစည်ပြုလုပ်လာကြသည်။ သို့နှင့် ရှေးဟောင်းပစ္စည်းအတုများပေါ်ပေါက်လာရတော့၏။
မသမာသောနည်းဖြင့်ပြုလုပ်သည့် ရှေးဟောင်းပစ္စည်းအတုများသည် ဆေးဝါးအတုများကဲ့သို့ပင် အန္တရာယ်ကြီးမားလှ၏။ အတိတ်သမိုင်းလေ့လာရေးလုပ်ငန်းများကို ကမောက်ကမ ဖြစ်သွားစေနိုင်ပေသည်။

ပစ္စည်းအစစ်များပျောက်ဆုံး၍

ပြတိုက်ပြခန်းများထဲမှ ရှေးဟောင်းပစ္စည်း အချို့ သည် အကြောင်းအမျိုးမျိုးကြောင့်ပျက်စီးပျောက်ဆုံးကြရ၏၊ ထိုအခါ ပြတိုက်ဆိုင်ရာတာဝန်ရှိသူတို့သည် အထက်အဖွဲ့အစည်းများ၏ ခွင့်ပြုချက်အရ၊ မူလပစ္စည်းအတိုင်း အစားတခုပြန်လည်ပြုလုပ်ကြရသည်။ ဤသို့ပြုလုပ်ခြင်းမျာ အများပြည်သူတို့၏ အကျိုးအတွက် တရားဝင်ဆောင်ရွက်ကြရခြင်းဖြစ်ပါသည်။ တရားဝင် ပစ္စည်းအတုများကိုပြသရာတွင် အညွှန်းစာများထဲ၌ ဖြစ်ရပ်အမှန်ကို တိတိကျကျရေးသားဖော်ပြထားလေ့ရှိ၏။ ဥပမာ … မူလပစ္စည်းသည် မည်သည့် နေ့ရက်တွင် မည်သည့် အကြောင်းကြောင့် ပျောက်ဆုံးခဲ့ရသည်။ သို့မဟုတ် ပျက်စီးခဲ့ရသည်။ နှောင်းလူတို့ကြည့်မြင်နိုင် ရန်အတွက် မူလပစ္စည်းနှင့် တသွေမတိမ်းတူညီသော အစားတခုပြည်လည် ပြုလုပ်ထားရခြင်းဖြစ်ကြောင်းဖော်ပြထားမှုမျိုးဖြစ်သည်။
ရှားပါးလှသော ရှေးဟောင်းပစ္စည်းနှင့်အနုပညာလက်ရာများပျောက်ဆုံးခြင်းဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်အတွက် ပြတိုက်အချို့တွင် ပစ္စည်းအတုများကိုသာပြသထားလေ့ရှိ၏ ပစ္စည်းအစစ်များကို မူလုံခြုံစိတ်ချသောနေရာတို့၌ ထိန်းသိမ်းထားကြသည်။ ထိုပစ္စည်းနှင့် တသွေမတိမ်း တူညီသောပစ္စည်းအတုများကိုသာ ပြခန်းများထဲ၌ ပြသထားကြ၏။ မလွဲသာ မရှောင်သာသော အခါမျိုးမှ ပစ္စည်းအစစ်များကို ထိန်းသိမ်းထားသည့်နေရာမှ ခေတ္တခဏထုတ်ယူ၍ ပြသတတ်ကြသည်။ ပြီးလျင်မူလလုံခြုံသည့်နေရာ၌ပင် ပြန်လည်သိမ်းဆည်းထားလေ့ရှိကြပါသည်။
တနိုင်ငံမှ တနိုင်ငံ၊ တဒေသမှ တဒေသရှိပြတိုက်ခွဲများသို့ ရှေးဟောင်းပစ္စည်း မိတ္တူပွားများ ပေးပို့လိုလျှင်လည်း အတုများပြုလုပ်ကြရသည်။ ဥပမာ- ကျောက်ဖြစ်ရုပ်ကြွင်းများကို ပင်မတွေ့ရှိသည့်နေရာမှ ကမ္ဘာ့နိုင်ငံအသီးသီးသို့ မိတ္တူပွားများပေးပို့ရာတွင် ပလာစတာဖြင့် ပုံတူပြုလုပ်ကြရ၏ ထိုပုံတူပစ္စည်းတုများကိုသာ နိုင်ငံအသီးသီးရှိပြတိုက်များသို့ဖြန့်ဝေကြခြင်းဖြစ်ပါသည်။

ယုံကြည်ကိုးကွယ်မှုအတွက်
ဘာသာရေးနှင့် ပတ်သတ်သော ရှေးဟောင်းပစ္စည်းများကိုလည်း တနေရာမှ တနေရာသို့ ပြန့်ပွားစေရန်အတွက် မိတ္တူပွားများပြုလုပ် ပေးပို့လေ့ရှိကြသည်။ ဥပမာ.. ဗုဒ္ဓ၏စွယ်တော်ပွား၊ အံတော်ပွား စသည်တို့ကို ပြုလုပ်ခြင်းမျိုးဖြစ်ပါသည်။ အချို့ဒေသတို့၌ ရှေးဟောင်း ရုပ်ပွား ဆင်းတုတော်များ အတိုင်း တသွေမတိမ်းပြုလုပ်၍ ကိုးကွယ်လေ့ရှိကြ၏။


မနုဿကျော်ဝင်း

( မြ၀တီမဂ္ဂဇင်း ၊ အတွဲ၊၂၄၊ အမှတ် ၉ ၊ ၁၉၇၆ ခုနှစ် မှ ကောက်နုတ်ဖော်ပြသည်။ )

မှတ်ချက်။   ။မျက်နှာစာအုပ်ပေါ်က ရှေးဟောင်းသုတေသန၀ါသနာရှင်များ အသင်းမှတ်စုကို
                ပြန်လည်ဖော်ပြသည်..။




No comments: