Friday, November 2, 2012

ရွက်ပုန်းသီး ပုရပိုက်မြို့  သို့ မဟုတ်..


သမိုင်းအရ ဆိုပါတော့…  ကလေးမြို့ က မှော်ဆရာ မထွက်ဘူး
မြို့ တည်သက္ကရာဇ် ၃၂၈ ကတော့ မှော်ဆန်တယ်..
အခုလို ဆောင်းဆို အိနြေ္ဒ-နေရဉ္ဖရာ ရဲ့ မြ၀တီဆိုင် ရှေ့မှာ
မှော်ဝင် အက္ခရာများ စာပေသဘောတရားတွေနဲ့ စားတော်တိုက်
လပြည့်ညတောင် လန့် ဖျပ်မှောင်မိုက်သွားတတ်သေး
ကျွန်တော်တို့ ဆိုတာ … ကလေးမြို့ ရဲ့ မှော်ဝင် သစ်စေ့တွေ
တောင်ကနေ မြောက်ကိုလားတဲ့ ပြောင်းပြန်သိုင်းသမား မြစ်သာနံဘေး
စုမိဆောင်းမိ အလင်းမျှင်ခြည်ပေါင်းပြီး ရသအညှောက်တွေ ပြိုင်တူပေါက်
နှလုံးသွေးရဲ့ တောက်ခေါက်သံ ဝတ္တု၊ ကဗျာ၊ သီချင်းတွေ ရေးကြတယ်
မြို့ ကွက်က သိပ်မထူပေမဲ့  ခံစားမှုအရေထူထူနဲ့ 
စာအုပ်ထူထူကြီးတွေကို ကြိုက်ကြတယ်
ကျွန်တော်တို့ မြို့ ကဧည့်သည်လာရင် သီချင်းဆိုတဲ့မြို့ 
တောင်ကဖီလာ … မြစ်ကပြောင်းပြန်…. လူတွေက ကန့် လန့် တဲ့
မနာလိုလို့ ပြောကြတာ … အဲသလို
ပစိပစပ်အပြုံးတစ်စုံဆို
ပိဋကတ်သုံးပုံနဲ့ ထုထည့် လိုက်ရမှာ ဝန်မလေးတဲ့ မြို့ 
အချိန်ကို တန်ဖိုးထားချက်တော့
အိမ်မက်တောင်မှ လိုရင်းတိုရှင်းမက်တဲ့မြို့ 
ကျွန်တော်တို့ မြို့  … ကလေးမြို့  …. ကလေးမြို့ …
ချင်းတောင်တန်းကို လွယ်အိတ်လုပ်
ဇလပ်ပွင့်တစ်ဆုပ်ကြီးရင်သားကို ရဲရဲခွဲ
ချယ်ရီထင်းရှုးရနံ့ သယံဇာတအားလုံး အင်္ကျီချုပ်ဝတ်ထားတဲ့မြို့ 
ဆရာမ ဂျူး … ရဲ့ တိမ်နဲ့ ချည်တဲ့ကြိုး လူလားမြော်ကသွားခဲ့တဲ့မြို့ 
မြို့ လယ်ကောင်မှာ လေယာဉ်ကွင်းရှိတဲ့မြို့ 
မေခ မလိခမြစ်ကို မမြင်ဖူးပေမယ့်
မြစ်သာ - နေရဉ္ဖရာ - မြစ်သာ - ချင်းတွင်းဆုံဆည်းရာတွေကို
တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်နေတတ်တဲ့မြို့  .. ခင်ဗျားတို့ လိုပဲ
ကျွန်တော်တို့ မှာ …
ဇာတိရနံ့ ထုံထားတဲံ ကိုယ်ပိုင် အိပ်ရာဝင်ပုံပြင်လေးတွေရှိပါတယ်
ချင်းတောင်ပေါ်ကနေ ဈေးကွက်မြင်းစီးထွက်လာတဲ့
သစ်တော်သီးလေးတစ်လုံးလောက် ချိုမြိန်မှုတွေ စောက်မနက်ခဲ့ဘူး …
သမိုင်းအရ ဆိုပါတော့
ဇာတိမြို့ ဖွဲ့ ကဗျာဟာ ..
ရွက်ပုန်းသီးပုရပိုက် ဆန်နေတယ် ….။                  ။

----------------------------------------------------------------------
ဘော်ဒါကြီး...လျန်ပေါင်
ရေးတဲ့ကဗျာ..ဖြစ်ပါသည်..။

No comments: