Saturday, November 3, 2012

ကြယ်ကြွေသတို့သား

သူငယ်ချင်း
မင်းဟာ
ယုံကြည်ရာကို ရင်သွေးလိုလည်း မွေးခဲ့တယ်။
သူငယ်ချင်း
မင်းဟာ
ဒဏ်ရာတွေကို ဆီမီးလိုလည်းထွန်းခဲ့တယ်။
သူငယ်ချင်း
မင်းဟာ
ကိုယ့်အနာကိုယ် လျှာနဲ့ ပြန်သပ်
ရှင်ပြတတ်ခဲ့ပြီးပြီပဲ ။

သူငယ်ချင်း
မင်းဟာ
ကိုယ့်အရေပြား ကိုယ်လွှာ
ကိုယ့်အရိုးကိုယ် အပ်လိုသွေး
ကိုယ့်ဝတ်စုံ ကိုယ်ချုပ်ခဲ့ရ...
ကျကျနန
မင်းလှပြခဲ့ပြီးပြီပဲ ။

သွားနှင့် သူငယ်ချင်း
ကြယ်အစင်းစင်းကြွေနေတဲ့
ဟောဒီ ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို
စွမ်းသမျှ ကုစားဖို့
ငါတို့ နေရစ်ခဲ့ဦးမယ် ။
သွားနှင့် သူငယ်ချင်း
နေအစင်းစင်းပူတဲ့
ကမ္ဘာမြေရဲ့ ဒဏ်ရာကို
လက်ဖ၀ါးတွေနဲ့ ကာကွယ်ဖို့
ငါတို့ နေရစ်ခဲ့ဦးမယ်။
သွားနှင့် သူငယ်ချင်း
ကမ္ဘာမြေရဲ့ ကြေကွဲခြင်း ဓာတ်ပြားမှာ
မင်းကဗျာတွေ မာတိကာစီဖို့
ငါတို့ နေရစ်ခဲ့ဦးမယ် ။
သွားနှင့် သူငယ်ချင်း
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံ ပြန်စိုက်မယ့်တစ်နေ့
ငါတို့ ………။ ။

မင်းကိုနိုင်

(တာရာမင်းဝေ၏ ဈာပနတွင် ရွတ်ဆိုသွားခဲ့သောကဗျာ)

No comments: